ဆဋ္ဌမရေးမြို့သမုတ်နယ်နိမိတ်ကျောက်တိုင်များ==========================
ဆဋ္ဌမရေးမြို့သမုတ် နယ်နိမိတ်ကျောက်တိုင်များ
ညီသွေး
ကျနော်တို့ရေးမြို့ကို ပျက်လိုက် ပြင်လိုက်၊ တိမ်ကောလိုက် ပြန်တည်လိုက်ဖြင့် သမိုင်းတလျှောက် ၆ ကြိမ် တည်ခဲ့ကြတယ်လို့ မှတ်သားသိရှိရတယ်။
ယခင် ရှေး ၄ ကြိမ်ကို ကျနော်တို့ မမီလိုက်လို့ တိတိကျကျ မှတ်တမ်းမတင်နိုင်တာကို တော့ ထားလိုက်ကြပါစို့ရဲ့။ ကျနော့်ကို မွေးတဲ့အချိန်မှာ ပဉ္စမအကြိမ်တည်ထောင်ထားခဲ့တဲ့ ရေးမြို့က မပျက်သေးဘူး။ သမိုင်းအရတော့ ပဉ္စမရေးမြို့ကို ကောဇာသက္ကရာဇ် ၁၁၅၄ ခုနှစ်မှာ ပြန်တည်တာတဲ့။ ပဉ္စမအကြိမ်တည်ထောင်ခဲ့တဲ့ ရေးမြို့ဟာ အင်္ဂလိပ်လက်အောက်ကျရောက်သည့်အချိန်အခါနှင့် ဆက်စပ်လို့နေတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး ခရစ်သက္ကရာဇ် ၁၈၂၆ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ရန္တပိုစာချုပ်အရ ရေးမြို့ဟာ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားတော့တယ်။ အဲဒီအချိန်ကစပြီး ၁၉၄၈ ခု ဇန်နာဝါရီလ ၄ ရက် လွတ်လပ်ရေးရသည်အထိ၊ ရေးမြို့ဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့ကို ဖြတ်သန်းခဲ့ရတယ်။
ရေးရဲ့ မြေမျက်နှာပြင်အနေအထားဟာ ချောင်းများ၊ ကျုံး၊ တောင်ကုန်းများ၏ အလယ်တွင် တည်ရှိနေတယ်။ ပြီးတော့ မြို့ပြန်လည်တည်ဆောက်ကြရာမှာလည်း ရှေးမင်းများ၏ မြို့တည်ဆောက်မှုအင်္ဂါရပ်အတိုင်း နန်းစိုက်မြို့တည်ရာကို လုံခြုံမှုပြုလုပ်သည့်အပေါ်တွင်သာ အခြေခံကာ ပြန်လည်တည်ဆောက်ခဲ့ကြတဲ့အတွက် တဖြေးဖြေးနဲ့ လူနေထူထပ်လာကာ မြို့နေလူထုမှာ ပြွတ်သိပ်ကြပ်တည်းကာ နေထိုင်ခဲ့ကြရလာတော့တယ်။
မြို့နယ်ရုံးစိုက်မြို့တမြို့ဖြစ်ပေမယ့် ကာကွယ်ရေးအတွက် ခေတ်မီအင်အားပြည့်စုံခြင်းမရှိပဲ အရန်မီးသတ်တပ်ဖွဲ့သာရှိတယ်။ အသုံးပြုတဲ့ မီးသတ်စက်မှာလည်း လယ်ယာရေသွင်းရာမှာ အသုံးပြုတဲ့ ကူဘိုတာအမျိုးအစား အသေးစားစက်၂ လုံးသာရှိတယ်။
ဒါနဲ့ ကျနော် ၈ နှစ်သားအရွယ် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ကောဇာသက္ကရာဇ် ၁၃၃၁ ခုနှစ် နတ်တော်လဆန်း ၁၃ ရက်နေ့ ညနေ ၆:၀၀ နာရီခန့်အချိန်မှာ ရေးအနောက်ကမ်းနားပိုင်း ဂျပန်တံတားရပ်ကွက်နေ ဦးဒိုင်၊ ဒေါ်စုတို့၏ နေအိမ် မီးဖိုမှ မီးစတင်လောင်ကျွမ်းခဲ့ရာမှ ပဉ္စမရေးမြို့စပျက်တာပါ။ တမြို့လုံးမပျက်သေးသော်လည်း မြို့လုံးကျွတ်နီးပါးပါ။ ရွာကလေးရပ် အရှေ့ပိုင်းအချို့နဲ့ ရေးချောင်းတောင်ဘက်ကမ်းရှိ ချောင်းတောင်ရွာ ကမ်းနားရပ်ကွက်ပါ ကူးစက်လောင်ကျွမ်းသွားတယ်။ စုစုပေါင်း အိမ်ထောင်စု ၂၀၄၅ စု အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြတယ်။ မီးလောင်တဲ့အချိန်ကာလဟာ ၁၉၆၉ ခု ကျွန်းဆွယ်အရေးအခင်း ကျနော်တို့ကျောင်းတွေပိတ်ထားတဲ့ အချိန်ပေါ့။
ဒီလိုမီးကြီးလောင်ပြီး ၃ လခန့်အကြာ ၁၉၇၀ ခုနှစ်၊ မတ်လ ၉ ရက်၊ ကောဇာသက္ကရာဇ် ၁၃၃၁ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ နံနက်ခုနစ်နာရီခန့်မှာ ယခင်မီးဘေးကင်းလွတ်ပြီး ကျန်နေတဲ့ ရွာကလေးရပ်ကွက် အမှတ် ၄၇၆၊ ရှင်စောပုလမ်းနေ ဦးကျော်အေး၊ ဒေါ်ဒွတ်တို့နေအိမ် မီးဖိုချောင်မှ စတင်ပြီး ဒုတိယအကြိမ် မီးလောင်ပြန်တယ်။ အိမ်ခြေ ၁၅၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၈၇ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြန်တယ်။ မီး ၂ ကြိမ်လောင်ရာမှ ကျပ် ၂၅၅ သိန်းဘိုးခန့်ဆုံးရှုံးပြီး လူ ၅ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။ ဒီတော့မှ ပဉ္စမရေးမြို့ လုံးလုံးကြီးပျက်တော့တယ်လို့ ဆိုရပါမယ်။
မီးလောင်ပြီး ပျက်ခဲ့တဲ့ ပဉ္စမရေးမြို့ကို ဆဋ္ဌမရေးမြို့အဖြစ်ပြန်တည်ရာမှာ မီးဘေးကာကွယ်ရေးအစီအစဉ်ကို ဦးစားပေးထည့်သွင်းစဉ်းစားပြီးတည်ခဲ့ကြတယ်လို့ သိရတယ်။ မြို့ကွက်ကို ပြန်လည်သတ်မှတ်ရေးဆွဲရာမှာ မီးလောင်ပါက မီးအလွယ်တကူ မကူးစက်စေရအောင် အချို့နေရာကို မီးတားကွက်လပ်အဖြစ်ချန်လှပ်ထားတာတွေရှိတယ်။ တိုးတက်လာတဲ့ လူဦးရေပမာဏနဲ့ဆီလျော်အောင် မြို့အင်္ဂါရပ်နဲ့အညီ တည်ဆောက်ရေးကို အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးကြီးတင့်ဆွေက ဦးဆောင်စီမံပြီး မြို့သစ်ပြန်လည်တည်ဆောက်ရေးကော်မတီကို ဖွဲ့စည်းပြီး ၁၉၆၉ ခု၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး စီမံချက်ချမှတ်ဆောင်ရွက်ခဲ့တယ်။ မြို့ရွာစည်ပင်သာယာရေးရန်ပုံငွေမှ မတည်ငွေ ၂၉၆၀၀၀ိ/- နှင့် တိုင်းနှင့်ပြည်နယ်များမှအလှူငွေအပါအဝင် စုစုပေါင်း ၅၃၉၂၇၀ိ/ ၉၃ါး တို့ဖြင့် အသင်းအဖွဲ့များ၊ မြို့နယ်လူထုများ၊ စုပေါင်းလုပ်အားတို့ပေါင်းစပ်ပြီး ယခင်မြို့ဟောင်းထက် ၅ ဆ ကျယ်တဲ့ မြို့သစ်ကို ပြန်လည်တည်ဆောက်ခဲ့ကြတယ်။
ဒီလိုတည်ဆောက်တဲ့အခါမှာ မြို့ဟောင်းမီးလောင်ပြင်နေရာမှာ ရပ်ကွက် ၂ ကွက်၊ ရွာကလေးရပ်ကွက်နေရာမှာ ရပ်ကွက် ၂ ကွက်အပြင် တိုးချဲ့မြေများမှာ ရပ်ကွက် ၅ ကွက်နဲ့ စုစုပေါင်း ရပ်ကွက် ၉ ကွက်ကို ဖော်ထုတ်ခဲ့တယ်။ ကျနော်ဖတ်မိလိုက်တဲ့ ဗိသုကာဒေါက်တာလွင်အောင်ရေးတဲ့ ဆောင်းပါးတပုဒ်မှာ ရေးမြို့ရဲ့ ရပ်ကွက်နဲ့ လမ်းအမည်တွေကို မော်လမြိုင်ကောလိပ်မှ ကျောင်းသား ကျောင်းသူတွေပေးခဲ့တာတဲ့။ ဒီလိုဖော်ထုတ်တော့-
ရပ်ကွက်အမည် မြေကွက်
၁။ ရန်မျိုးအောင် ------------------------- ၄၂၅
၂။ ရန်ကြီးအောင်------------------------- ၃၅၃
၃။ သီရိခေမာ ----------------------------- ၃၄၆
၎။ သီရိဇေယျာ --------------------------- ၃၃၃
၅။ သီရိနန္ဒာ ------------------------------ ၃၆၆
၆။ သီရိမာလာ --------------------------- ၃၂၀
၇။ အောင်သုခ --------------------------- ၂၉၃
၈။ အောင်မင်္ဂလာ ------------------------ ၄၃၀
၉။ အောင်မေတ္တာ ------------------------ ၃၇၀
စုစုပေါင်း -------------------------- ၃၂၃၆ ရှိပါတယ်။
ဆဋ္ဌမရေးမြို့ကို ပြန်တည်တော့ ၂၀ ရာစု ထက်ဝက်ကျော်ရောက်နေသော်လည်း ရှေးထုံးနဲ့အညီမြို့ကိုတည်ထားတယ်။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ကောဇာသက္ကရာဇ် ၁၃၃၃ ခု ပြာသိုလဆန်း ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန် ရေးမြို့ ရန်ကင်းကျောင်းတိုက်မှာ သံဃာတော်များက အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မြို့ပတ်လည် ၉ နေရာမှာ မြို့သမုတ် နိမိတ်ကျောက်တိုင်များစိုက်ထူဘို့ အတည်ပြုဆုံးဖြတ်လိုက်ကြတယ်။
ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရာမှာ ၁၉၇၂ ခုနှစ်၊ ဇန်နာဝါရီလ ၂ ရက်နေ့ ညနေ ၄:၃၀ နာရီမှာ သေနတ်ပစ်ဖေါက်ပြီး သတ်မှတ်ထားသည့် ၉ နေရာတွင် နိမိတ်ကျောက်တိုင်များစိုက်ထူရာတွင် ကျောက်တိုင်အမှတ် ၁ ကို နလက ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းစိန်က စပြီးစိုက်ထူတယ်။ ကျောင်းပေါင်း ၃၁ ကျောင်းမှ ဂိုဏ်းပေါင်းစုံ သံဃာတော် ၁၀၈ ပါးတို့က ပရိတ်တရားတော်နဲ့ ကမ္မဝါစာများ ရွတ်ဖတ်၍ ရန်ကင်းကျောင်း ဆရာတော် ဦးဇောတိကမှ နိမိတ်ဖတ်ကြားပါတယ်။ နိမိတ်ကျောက်တိုင် အမှတ် ၁ ကို မြို့လယ် ဖါလကျောင်းအနီး သီရိခေမာရပ်ကွက်မှအစပြု၍ အစဉ်လိုက် သံဃာတော်များကြွချီကာ သဲကြိုး(သဲမှုန်ဖြူးခြင်း)ချပြီး နိမိတ်ကျောက်တိုင် အမှတ် ၉ စိုက်ထူတယ်။ တဖန် အမှတ် ၂ ကျောက်တိုင်သို့ ပတ်ဝင်အဆုံးသတ် သမုတ်ပါတယ်။ မြို့သမုတ်ပြီးစီးတော့ အောင်မြင်ကြောင်း ဩဘာစာကို ရွှေကျောင်းဆရာတော် ဦးကေသရက မြန်မာဘာသာဖြင့်လည်းကောင်း၊ ရွာကလေးကျောင်းဆရာတော် ဘဒ္ဒန္တ ကေတုမတီက မွန်ဘာသာဖြင့်လည်းကောင်း ဖတ်ကြားပါတယ်။ မြို့သမုတ်ခြင်းဟာ ည ၁၂:၃၀ မှာ ပြီးစီးပါတယ်။
ပုံမှာကြည့်ရင် ဘယ်လောက်ထိစီရင်ထားသလဲဆိုတာ သိနိုင်တယ်။ မြို့ရဲ့ မြောက်ဘက်အထွက်မှာဆိုရင် လမ်းရဲ့ဘယ်ဘက်မှာ စိုက်ထားတယ်။ ညာဘက်ဆိုရင် စီရင်ထားတဲ့ မြို့တံခါးဆိုတာ ပိတ်သွားမယ်။ အဲသည်လိုပဲ မြို့ရဲ့အရှေ့ဘက် အဏ္ဏဝါတံတားထိပ်မှာဆိုရင်လည်း လည်းရဲ့ ဘယ်ဘက်မှာစိုက်တယ်။ ညာဘက်ဆိုရင် အရှေ့ဘက်မြို့တံခါးပိတ်သွားမယ်။ မြို့တောင်ဘက် မြသီတာဈေးအနောက်ဘက်မှာစိုက်တယ်။ ကမ်းနားဆင်းတဲ့လမ်းကို ဖွင့်ထားတယ်။ အနောက်ဘက်မှာ ဘူတာအဆင်းလမ်းကိုဖွင့်ထားတယ်။ ကျောက်တိုင်က ဘူတာဘက်သွားရင် လမ်းရဲ့ ဘယ်ဘက်မှာ။
၁၉၇၂ ခုနှစ် ဆဋ္ဌမရေးမြို့ရယ်လို့ သမုတ်ပြီး ၄၆ နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ စိုက်ထူခဲ့တဲ့ ကျောက်တိုင်တွေ ရှိသေးရဲ့လားဆိုတာ ကျနော်တို့ သိချင်လာတယ်။ ဒီတော့ မှတ်တမ်းအရ လိုက်ကြည့်တယ်။
အမှတ် ၁ ကျောက်တိုင်ကို မြို့လယ်ဖာလဘုရားအနီး၊ သီရိခေမာရပ်ကွက်မှာ ရှိတယ်ဆိုလို့ သွားကြည့်တယ်။ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ တိုင်က အနည်းငယ် ယိုင်နေတာကလွဲလို့
အကောင်းပကတိတွေ့တယ်။ အုပ်ကလေးတွေ တရိဂံပုံစီလို့။ ရာဇဓိရာဇ်လမ်းနဲ့ ရွှေကျောင်းလမ်းဆုံကုက္ကိုပင်အောက်မှာပေါ့။ ( 15.2539324°N, 97.8551227°E)
အမှတ် ၂ ကျောက်တိုင်က မြို့မြောက်ဘက်လမ်းဝ သီရိဇေယျာရပ်ကွက်မှာတဲ့။ မြို့တော်ဦးဂိတ်ဝ၊ မြို့အထွက် လမ်းရဲ့ဘယ်ဘက်မှာတွေ့ရတယ်။ အကောင်းပကတိပါပဲ။ ရဟန္တာ ၅၀၀ ဝင်ရာလမ်း၊ ဘိုးဘွားရိပ်သာမုခ်ဝအနီးပေါ့။ (15.263078°N, 97.855630°E )
အမှတ် ၃ ကျောက်တိုင်ကတော့ မြို့အနောက်မြောက်ထောင့် ကိုတုတ်ပေါအိမ်အနီး အောင်သုခရပ်ကွက်မှာလို့ မှတ်တမ်းကဆိုတယ်။ ဒါပေမယ့် အောင်မေတ္တာရပ်ကွက် ဆင်းရွှေဝါလမ်းအဆုံး ဝယ်ပါးကျောင်းကုန်းရင်း၊ တဲတလုံးရဲ့ ရှေ့မှာ အကောင်းပကတိပါပဲ။ ရှိနေပါသေးတယ်။ ( 15.2520600°N, 97.8473440°E )
အမှတ် ၄ ကျောက်တိုင်ကိုမှတ်တမ်းမှာ ဖော်ပြတဲ့အတိုင်း မြို့အရှေ့ဘက် အဏ္ဏဝါတံတားအနီး သီရိနန္ဒာရပ်ကွက်ဆိုတာနဲ့ မရှိတော့ဘူးဆိုတာ သိလိုက်ပါပြီ။ ဒီနေရာက ကျနော်တို့ တွ့ရတယ်။ ဖြတ်သွားဖြတ်လာ အမြဲမြင်နေကျတိုင်လေးပါ။ ခုတော့ မြေမြှုပ်ပစ်လိုက်ကြပါပြီ။ ဝမ်းနည်းစရာပါ။ ရှိမယ်ဆိုရင် (15.2531626°N ,97.8662508°E) နေရာလောက်မှာပါ။
အမှတ် ၅ ကျောက်တိုင်က မှတ်တမ်းအရ မြို့အရှေ့မြောက် ဦးအောင်မြိုင်ခြံအနီး သီရိမာလာရပ်ကွက်မှာဆိုတော့ သွားကြည့်ပါတယ်။ အကောင်းပကတိပါ။ အခုတွေ့ရှိမှုအရ အဲမွန်ဒရာလမ်းမှဆင်းပြီး မြို့ပတ်လမ်းရောက်ရင် ဘယ်ဘက်ချိုးလိုက်တာနဲ့ ဦးအောင်မြိုင်( ကိုအောင်သန်းလွင်တို့အဖေ) ခြံစပ်မှာပါ။ (15.257919°N, 97.860640°E )
အမှတ် ၆ တိုင်က မှတ်တမ်းမှာဖော်ပြထားတာ မြို့တောင်ဘက် မြသီတာဈေးအနီး ရန်ကြီးအောင်ရပ်ကွက်မှာတဲ့။ မြသီတာဈေးဆိုတာ မြို့ကို စီမံခန့်ခွဲနေတဲ့ စည်ပင်သာယာပိုင်ဈေးပေါ့။ မှတ်မိနေတဲ့ တိုင်ပါပဲ။ ဒါပေမယ့် မရေရာလို့ သွားကြည့်ပါတယ်။ ထင်တဲ့အတိုင်း မတွေ့ရတော့ပါ။ ခနော်ခနဲ့ ဈေးတန်းတွေအောက်ပဲ ရောက်သွားလေသလားပဲ။ ရှိဦးမယ်ဆိုရင် ဒီနေရာခန့်မှာပေါ့ (15.2440420°N, 97.8551770°)
အမှတ် ၇ ကျောက်တိုင်ကတော့ မြို့အရှေ့တောင် ကွမ်တိုးမြို့တခါးဝ ရန်မျိုးအောင်ရပ်ကွက်မှာတဲ့ မှတ်တမ်းမှာရေးထားတာ။ မျက်မြင်သွားကြည့်တော့ အတော်ပြောင်းလဲနေပြီ။ အိမ်ကွက်တွေထပ်တိုးချဲ့ထားတာတွေ့ရတယ်။ ကျောက်တိုင်လည်း အိမ်တွေကြားရောက်နေလေရဲ့။ ရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမယ်။ အမွှေးတိုင်လေးတွေစိုက်လို့။ မရမ်းကျောင်းဘေးလမ်းဖြစ်တဲ့ သလ္လာဝတီလမ်းကဝင်၊ ၂ လမ်းထိပ်အိမ်ရဲ့ ဆယ်ပေလမ်းကြားထဲဝင် နောက်လမ်းကြားတခုရဲဘယ်ဘက်ကိုချိုးလိုက်ရင် နောက်ထပ် ၁၀ ပေလမ်းကြားထဲ အိမ်တလုံးရဲ့ဘေးမှာပါ။ ဒီနေရာကို ဟပိုင်းကုန်းလို့လဲခေါ်ရဲ့။ (15.2479690°N, 97.8613580°E)
အမှတ် ၈ ကျောက်တိုင်က ဘူတာရုံအနီး၊ အောင်မင်္ဂလာရပ်ကွက်မှာလို့ ဆိုတယ်။ ဘူတာရုံဆိုတာ ဘူတာရုံဟောင်းပါ။ ဘူတာရုံရှေ့ ဗိုလ်ချုပ်လမ်းအဆုံး လမ်းဘယ်ဘက်မှာပါ။ ရှိတော့ ရှိသေးတယ်။ မီးရထားဝန်ထမ်းတယောက်ရဲ့ အိမ်လို့ဆိုရမယ့် အဆောက်အဦထဲမှာပါ။ ကျောက်တိုင်က အုန်းမှုတ်ခွက်သာသာလေးပဲ ပေါ်တော့တယ်။ အဲသည်အရာလေးကမှ ကြည့်ရတာ ပိုဝမ်းနည်းစရာကောင်းတော့တယ်။ ဒီ(15.2422279°N, 97.8453303°E) နေရာခန့်။
အမှတ် ၉ ကျောက်တိုင်က မြို့အနောက်တောင်ဘက် သရက်တောအနီး၊ အောင်မင်္ဂလာရပ်ကွက်မှာတဲ့။ မှတ်တမ်းမှာရေးထားတယ်။ တောင်ညိုလမ်းတည့်တည့်ဝင်သွားရင် လမ်းရဲ့ ညာဘက် ရေအိုင်ဘေးမှာ တွေ့ရပါတယ်။ ရေအိုင်ရဲ့ ဟိုဘက်ကတော့ ရထားလမ်းပါ။ (15.2394780°N, 97.8482710°E) တည်နေရာခန့်မှာပေါ့။
နိဂုံးချုပ်ရရင်၊ ၄၆ နှစ်သာသက်တမ်းရှိသေးတဲ့ မြို့ရဲ့သမိုင်းဝင် အမှတ်အသားပြုထားတဲ့ ကျောက်တိုင်တွေဟာ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ပဲ ဒီသမိုင်းမှတ်တိုင်ကိုထိန်းသိမ်းရမယ့် လူတွေရဲ့ပယောဂကြောင့် ၂ တိုင်က လုံးဝပျောက်ကွယ်သွားပြီး၊ တတိုင်ကတော့ ပျောက်လုပျောက်ခင်ဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျန်ကျောက်တိုင်တွေကို ဆက်လက်ထိန်းသိမ်းကြဘို့နဲ့ ပျောက်သွားတဲ့ ကျောက်တိုင်တွေကို ပြန်ဖော်ထုတ်ဘို့ ရေးမြို့သူမြို့သားတွေကို တိုက်တွန်းပါတယ်။
ညီသွေး
၂-၇-၂၀၁၈
-------
ကိုးကား - မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ၊ ရေးမြို့၊ မော်လမြိုင်ခရိုင်၊ တနင်္သာရီတိုင်းမှ ပြုစုထားသည့် ရေးမြို့နယ်ဖြစ်စဉ်မှတ်တမ်း။
မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်များကို ကြည့်ရှုခွင့်ပေးသည့် ဦးအောင်သန်းလွင်အားလည်းကောင်း၊ ထိန်းသိမ်းဘို့ရန်အပ်နှံပေးခဲ့တဲ့ မလှမွန်အားလည်းကောင်း၊
ကျောက်တိုင်များရှာဖွေရာတွင် ကူညီရှာဖွေပေးသည့် ကိုလင်းအောင်ဆွေ @ ဖိုးလင်း၊ ကိုကိုလှထူး၊ ကိုအောင်စိုး(စိုပြေ) တို့ကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းထားရှိပါတယ်။
Comments
Post a Comment